ကျေးရွာလူနေမှုဓလေ့များ

လူထုအခြေပြုခရီးသွားလုပ်ငန်း (တာရွှန်းကျေးရွာ)

တာရွှန်းကျေးရွာသည် ချင်းပြည်နယ်၊ ဖလမ်းမြို့မှ ၃ မိုင် အကွာအဝေးတွင် တည်ရှိပါသည်။ ၁၅ ရာစုတွင် ကျေးရွာတည်ခဲ့ကြသည်။ နယ်ချဲ့အင်္ဂလိပ်တို့ကို တော်လှန်ခဲ့သော ချင်းအမျိုးသား၊ ချင်းသူရဲကောင်း ဗိုလ်ကြွမ်ဘိခ်(ခ)ဗိုလ်ဆွန်ပက်၏ မွေးရပ်မြေအဖြစ် ထင်ရှားကျော်ကြားခဲ့သော ကျေးရွာဖြစ်ပါသည်။ ကျေးရွာ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်း ပိုမို ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်ကာ လူထုအခြေပြု ခရီးသွားလုပ်ငန်းကို စတင်ခဲ့ကြပါသည်။ ခရီးသွားဧည့်သည်များ၏ စိတ်ဝင်စားသော လှုပ်ရှားမှုများ အနေဖြင့် ခြေလျင်တောင်တက်ခြင်း၊ ကျေးရွာအတွင်း လည်ပတ်ခြင်း၊  ချင်းရိုးရာ ဂျက်ခုတ်နည်း၊ ဝိုင်လုပ်နည်းများ လေ့လာခြင်း၊ သာယာ လှပရင်သပ်ရှုမောဖွယ် ကောင်းသော သဘာဝရှုခင်းများကို ကြည့်ရှုခြင်း၊ ပြတိုက်ကို လေ့လာခြင်း၊ ချင်းသူရဲကောင်းကြီး ဗိုလ်ကြွမ်ဘိခ်၏ အမှတ်အသားများဖြစ်သည့် အုတ်ဂူနှင့် ကျောက်တိုင်ကို လေ့လာနိုင်ပါသည်။ တာရွှန်းလူထု အခြေပြုခရီးသွားလုပ်ငန်းအား UK-Aid နှင့် The Backyard Travel and Tour Co.,ltd တို့မှ ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြပါသည်။

လူထုအခြေပြုခရီးသွားလုပ်ငန်း (ဆော်လောင်းကျေးရွာ)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ ဆောင်လောင်းကျေးရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်းကို ၂၀၁၇ ခုနှစ်တွင်စတင်အကောင်အထည်ဖော်ခဲ့ကြပါသည်။ အာဆီယံ ဒေသအတွင်း ထင်ရှားကျော်ကြားသော အမွေအနှစ်များအနက်မှ တစ်ခုဖြစ်သော ဝိတိုရိယတောင် (ခ) နတ်မတောင်(ခ)ခေါ်နူးစုမ်တောင်၏ တောင်ခြေတွင် တည်ရှိသော ကျေးရွာဖြစ်သည်နှင့်အညီ ခရီးသွားဧည့်သည်များအနေဖြင့် တောင်တက်ခြင်း၊ ခရီးဝေး လမ်းလျှောက်ခြင်းများကို သဘာဝအတိုင်း ခံစားနိုင်မည်ဖြစ်ပြီး၊ တောင်ထိပ်နှင့် တောင်ကြောတစ်လျှောက်တွင် ငှက်ကြည့်ခြင်းကို လေ့လာနိုင်ပါသည်။ ခရီးသွား ဧည့်သည်များအနေဖြင့် ပတ်ပတ်လည်ကျေးရွာများတွင် ချင်းတို့၏ ရိုးရာယဉ်ကျေးမှု တစ်ခုဖြစ်သော မျက်နှာတွင် ပါးရဲထိုးထားသော အမျိုးသမီးများ လေ့လာနိုင်မည်ဖြစ်ပြီး၊ ထူးခြား၍ အရမ်းအရသာရှိသော ချင်းရိုးရာအစားအစာများနှင့် ခေါင်ရည်ကိုလည်း စားသုံးနိုင်ပါသည်။ လေ့လာစရာများအနေဖြင့် ရိုးရာယဉ် ကျေးမှုနှင့် ရိုးရာအက၊ ရိုးရာ တေးဂီတများ လေ့လာနိုင်ပါသည်။ လူထုအခြေပြုခရီးသွားလုပ်ငန်းအား UK-Aid  နှင့်  The Forever Top Travel and Tour Co.ltd တို့မှ ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြပါသည်။ 

လိပ်ဆော ကျေးရွာ

လိပ်ဆော(လိပ်ဆွိုင်း) ရွာသည် ကျော်လောင်းနှင့် ဘုန်းလောင်း (ခေါ်) လည်မြိုမြစ် ဆုံရာတောတောင်ကုန်းလမ်းကြောင်းပေါ် ခိုင်မြဲစွာ ရပ်တည်လျက်ရှိသည်။ ရွာသူ ရွာသားတို့သည် ဒိုင်ရ်ချင်း စကားပြောကြပြီး ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။ အစိုးရကျောင်း မရှိသည့်အတွက် ကျောကျောင်းသား ကျောင်းသူများသည် မိမိတို့ရွာမှ ၃.၂၂၀ ကီလိုမီတာခန့် ဝေးလံသော ခင်ဖေါင်ရွာသို့ လမ်းလျှောက်ကာ ပညာဆည်းဖူး ကြရသည်။ ရွှေ့ပြောင်းတောင်ယာစနစ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည့်အပြင် ဝင်ငွေပိုကောင်းမွန်သော ဝဉ( ဖျံဉ ) စိုက်ပျိုးရေးကိုပါ အားထားလာကြသည်။ ခန့်မှန်းခြေအားဖြင့် ၅.၆၅ ကီလိုမီတာခန့် ရှည်လျားသော သဘာဝ တောကွင်းပြင်ကြီး ကိုလည်း ကျေးရွာမှ ရင်သက်ရှူမောဖွယ်ရာ တွေ့မြင်ခံစားနိုင်ပါသည်။

ပိမ်းပိကျေးရွာ

ပိမ်းပိကျေးရွာသည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင်တည်ရှိပါသည်။ ခိုင်ကမ်းမြို့မှ မြောက်ဘက်တွင် တည်ရှိသော ၁၅မိုင်ခန့်အကွာတွင် တည်ရှိပြီး ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ( ၃၅၅၄ )တွင် ရှိပါသည်။ ဒေသခံပြည်သူများ၏ ဧည့်ဝတ်ကျေပွန်မှု၊ ရိုးရာဓလေ့များ၊ ရိုးရာသီချင်းများ သာယာလှသော ကျေးရွာအခြေအနေများကြောင်း ခရီးသွား ဧည့်သည်များအကြား ရေပန်းစားလျက်ရှိပါသည်။ ပိမ်းပိကျေးရွာသို့ စစ်ကိုင်းဒေသကြီး ကလေးမြို့မှ ခိုင်ကမ်း ပိမ်းပိကျေးရွာလမ်းကြောင်းအတိုင်း လာရောက် လည်ပတ်နိုင်ပါသည်။ ပိမ်းပိကျေးရွာသည် ချင်းပြည်နယ်တွင် ဒုတိယ အမြင့်ဆုံး တောင်ဖြစ်သည့် ကနေဒီတောင်၏ တောင်ခြေတွင်ရှိသောကြောင့် တောင်တက်ခရီးစဉ်များ၊ ကျေးရွာနှင့်မနီးမဝေးတွင်ရှိသော ကျောက်ဂူများ၊ ကနေဒီတောင်မှ အဆင်းတွင် ရှားလုမ်းခံတပ်ကိုလည်း ဝင်ရောက် လေ့လာနိုင်မည်ဖြစ်ပါသည်။ အဆိုပါ ပိမ်းပိကျေးရွာတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျှက်ရှိပြီ ကျေးရွာအနေဖြင့် ကူညီပံ့ပိုးမှုများစွာ ဆက်လက်လိုအပ်နေဆဲဖြစ်ပါသည်။

ဆိုင်းဇန်ကျေးရွာ နှင့် ဆိုင်းဇန်စော်ဘွားစံအိမ်

ဆိုင်းဇန်ကျေးရွာသည် ချင်းပြည်နယ်၊ တီးတိန်မြို့၏ တောင်ဘက် (၇)မိုင်ခန့်အကွာတွင်တည်ရှိပြီး တီးတိန်မြို့နယ်အတွင်း ရှေးအကျဆုံး ကျေးရွာလည်းဖြစ်ပါသည်။ ဆိုင်းဇန်ကျေးရွာကို ၁၅၀၆ ခုနှစ်တွင် ပူမာန်ဆူမ်းဆိုသူက စတင်တည်ခဲ့သည့် ကျေးရွာဖြစ်ပြီး ဆိုင်းဇန် မျိုးနွယ်စု(၁)စုသာ နေထိုင်လျှက်ရှိပါသည်။ အဆိုပါကျေးရွာရှိ စော်ဘွားစံအိမ်သည် ၁၉၁၀ ခုနှစ်တွင် ပူဒိုတွာလ်မှ စတင် တည်ဆောက်ခဲ့ပြီး အလျား ၇၂ ပေ ၊ အနံ ၃၁ ပေ ရှိပါသည်။ ၁၉၂၄ ခုနှစ်တွင် ပူထောင်ဇခုပ်မှ စံအိမ်ကြီးအား တိုးချဲ့ ဆောက်လုပ်ခဲ့ရာ အပြင်ဖက်တွင် အလျား ၄၂ ပေ၊ အနံ ၂၆ ပေရှိသည့် ကာသာပင် (Inn Ka) ရှိပါသည်။ ယခုအခါ စံအိမ်ကြီးမှာ နှစ်တစ်ရာပြည့်လုနီးပါးဖြစ်၍ ကျေးရွာတွင် သက်တမ်းအရှည်ဆုံးအဖြစ် ကျော်ကြားပြီး ခရီးသွားဧည့်သည်များကို ဆွဲဆောင်သည့် သမိုင်းဝင် အိမ်ကြီးဖြစ်သည့်အပြင် ပူထောင်ဇခုပ်သည် ပင်လုံစာချုပ်တွင် တီးတိန်မြို့နယ် ကိုယ်စားပြုအဖြစ် ပါဝင် လက်မှတ်ရေးထိုးခဲ့သော ကိုယ်စားလှယ်တစ်ဦးဖြစ်ပါသည်။ အဆိုပါအိမ်ကြီးသည် ရှေးယခင် ချင်းစော်ဘွားများ၏ ထုံးတမ်းဓလေ့များကိုလည်း ထင်ဟပ်စေတဲ့အတွက် လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်…..

ဟရီးဖီးကျေးရွာ

ဟရီးဖီးကျေးရွာကို လွန်ခဲ့သော နှစ်ပေါင်း ၁၇၁၀ ဝန်းကျင်က ဦးလှဲလျန် (Hlei Lian) မှ ဦးဆောင်၍ လူမျိုးစု(၅)စုဖြင့် စတင်ကျေးရွာတည်ခဲ့ပါသည်။ ဟရီးဖီးကျေးရွာသည် ထန်တလန်မြို့၏ အနောက်ဘက် ၃၅ မိုင် အကွာ၊ ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၅၃၀၀တွင်တည်ရှိပါသည်။ ရွာပတ်ဝန်းကျင်ရှိ ကြိမ်ပင်များကို အစွဲပြု၍ ဟရီးဖီး ကျေးရွာဟု ခေါ်ဝေါ်ခဲ့ကြပါသည်။ ယခုအခါ ကျေးရွာ၌ မျိုးနွယ်စုပေါင်း (၂၇)မျိုး နေထိုင်လျှက်ရှိပြီး လူဦးရေ ၈၁၃ ဦးကျော် ရှိပါသည်။ ခရီးသွားများအနေဖြင့် ကျေားရွာအနီးရှိ မီအေပီတောင်နှင့် လေစိဂူသို့ သွားရောက်ကာ တောင်တက်ခြင်း၊ တောင်တွင်း ခရီးသွားခြင်းနှင့် ဂူတွင်းလေ့လာခြင်း စသည့်ခရီးသွားလှုပ်ရှားမှုများကို ပြုလုပ်နိုင်ပါသည်။

သီကီရ်းကျေးရွာနှင့် သီကီရ်းဆည်

သီကီရ်းကျေးရွာသည် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ပင်လယ်ရေ မျက်နှာပြင်အထက်  ၁၆၀၀ မီတာအထက်တွင်တည်ရှိသော ကျေးရွာဖြစ်ပါသည်။ ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့မှ (၆၀)မိုင်အကွာအဝေးတွင် တည်ရှိပြီး (၃)နာရီကျော် မော်တော်ယာဉ်ဖြင့် သွားရောက်နိုင်ပါသည်။ သီကီရ်းဆည်သည် ပင်လယ်ရေ မျက်နှာပြင် အထက် ၁၅၂၄ မီတာအထက်တွင်တည်ရှိပါသည်။ ဆည်၏ ပတ်လည်တွင် ဂျပန်ဆာကူရာ ချယ်ရီ အပင် ၁၀၀၀ခန့်ကို စိုက်ပျိုးထားပါသည်။ သီကီရ်း ကျေးရွာအနီးတွင် အလွန် လှပသော ကျီရီးယန်းတောင်ရှိပြီး တောရိုင်းတိရစ္ဆာန်များကို တောင်တက်ရင်းနှင့် တွေ့ရှိနိုင်ပါသည်။

ဘောင်ကျေးရွာ

ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ဘောင် ကျေးရွာသည် မင်းတပ်မြို့ မှ မတူပီမြို့သို့ သွားရာလမ်း (၂၅)မိုင် ခန့် အကွာတွင် တည်ရှိပြီး မော်တော်ယာဉ်ဖြင့် (၁)နာရီခွဲဝန်းကျင်၊ ဆိုင်ကယ်ဖြင့် (၁)နာရီခန့် မောင်းနှင်၍ သွားရောက်လည်ပတ်နိုင်ပါသည်။ ခရီးသွားဧည့်သည်များ အနေဖြင့် ကျေးရွာအတွင်း ကြက်ဉဗေဒင်တွက်ချက်နည်း၊ ရိုးရာဂျတ်ခုတ်လုပ်ငန်းများ၊ ရိုးရာ ပါးရဲထိုးခြင်း၊ အသုံးအဆောင် ပစ္စည်းများအား ဝါးဖြင့် ပြုလုပ်ပုံများကို လေ့လာနိုင်ပါသည်။ ချိုးလူမျိုးတို့၏ ရိုးရာဝါးဂီတ/ သစ်ပတ္တလား တီးခတ်မှုများကို လေ့လာနားဆင်ရင်း ဒေသခံများနှင့်အတူ ရိုးရာအကကို ဝိုင်းဖွဲ့ပါဝင်ဆင်နွှဲနိုင်ပါသည်။ ရိုးရာအစားအသောက်အနေဖြင့် မဲဘု၊ အေတွီ၊ ကြက်သားချင်းသုတ်၊ ဆပ်ဝါနဲန် ၊ ခေါင်ရည်စသည့် ချင်းရိုးရာအစားအစာများလည်း သုံးဆောင်နိုင်ပါသည်။ ဘောင်ကျေးရွာတဝိုက်တွင် မိမိအပြစ်ကို တစ်ပါးသူထံ မရောက်စေရန်နှင့် မကောင်းမှု မှန်သမျှ ပျောက်ကင်းအောင် ဆေးကြောရသည့် Kut M’shi Li ရေကန်၊ နာရေးကိစ္စ နိမိတ်ပြသည့်အခါ ကလေးငိုသံကြားရသည့် Nau Hta Lung ကျောက်ဂူ၊ လပြည့်လကွယ်တွင်သာ ဆားထွက်ပြီး ၎င်းဒေသရှိ တိရိစ္ဆာန်များ သောက်သုံးလေ့ရှိသည့် Bawng Sih ဆားရေတွင်း၊ အမျိုးသားများမှ တောလိုက်ပြီး ရရှိလာသည့် သားကောင်ဖြင့် စားသောက်ပွဲကျင်းပပြီး နောက်နေ့တွင် ကြက်ဉဗေဒင် တွက်ချက်ပြီး ပူဇော်ရသည့် နတ်ကွန်းသစ်ပင်၊ မျိုးနွယ်စု တစ်ခုချင်းစီ၏ အရိုးကျောက်ဂူများ၊ နှစ်စဉ် “လုံယူး”ပွဲကို ကျင်းပပြီး စိုက်ထူထားသော “လုံယူးကျောက်ဖျာ”များ၊ လပြည့်လကွယ်ညများတွင် မောင်းသံများကြားရသည့် Pho Bo Lung ကျောက်ဆောင်၊ ကျောက်ပန်းပွင့်များ သဘာဝအတိုင်း ပွင့်လျက်ရှိသော လုံ့ခေကျောက်ဆောင်တို့ကို သွားရောက်လေ့လာနိုင်ပါသည်။ ဘောင်ကျေးရွာတွင် လူထုအခြေပြုခရီးသွားလုပ်ငန်း စတင် အကောင်အထည်ဖော်လျှက်ရှိပြီး ကျေးရွာသူ ကျေးရွာသားများအနေဖြင့် ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လည်ပတ် တည်းခိုစားသောက်နိုင်ရေးအတွက် စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း ချင်းပြည်နယ်အတွင်း လေ့လာလည်ပတ်စရာ ကျေးရွာ တစ်ရွာအဖြစ် ဂုဏ်ပြုတင်ပြအပ်ပါသည်

ကျားဒိုကျေးရွာ

မင်းတပ်-ကန်ပက်လက်လမ်းမှတစ်ဆင့် သွားရပြီး မင်းတပ်မြို့မှ (၁၂)မိုင်ကွာဝေးပါသည်။ ဆိုင်ကယ်ဖြင့် သွားလျှင် ( ၁ ) နာရီခန့် ကြာမြင့်ပါသည်။ ကျားဒိုရွာတွင် ချင်းရိုးရာအိမ်၊ ကျောက်ဖျာ၊ နတ်တိုင်နှင့် ပါးရဲထိုးထားသော မွင်းအမျိုးသမီးများအား တွေ့ရမည်ဖြစ်ပါသည်။ နတ်တိုင်နှင့် ကျောက်ဖျာ အကြောင်းများလည်း လေ့လာနိုင်မည်ဖြစ်ပါသည်။

ရှောင်စောန်းကျေးရွာ

သမိုင်းဝင် ရှောင်စောန်း ရိုးရာယဉ်ကျေးမှု စံပြကျေးရွာသည် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် အရှေ့ဘက်တွင် တည်ရှိပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၅၂၅၅တွင် တည်ရှိသောကြောင့် အေးချမ်းသည့် ရာသီဉတုကို ခံစားနိုင်ပြီး ထင်းရှူးရိပ်များ၊ ပန်းအလှများနှင့် လှပတင့်တယ်နေသော ရွာလေးတစ်ရွာဖြစ်ပါသည်။ စုစုပေါင်း အိမ်ခြေ(၉၀) ဝန်း ကျင်၊ လူဦးရေ(၃၀၀)ကျော် နေထိုင်ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ လက်မှုယက္ကန်းလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပါသည်။ ရှောင်စောန်း၏အဓိပ္ပါယ်မှာ “အသန့်ရှင်းဆုံး”ဖြစ်ပြီးအမည်နှင့်အတူ သပ်ရပ်မှု၊ သန့်ရှင်းမှုရှိသော ရွာဖြစ်ပါသည်။ ချင်းအမျိုးသား၊ အမျိုးသမီး ရုပ်တုများ၊ ချင်းရိုးရာ ကျောက်တိုင်များ၊ ကျေးရွာ၏ စံပြကျောက်တိုင် စသည်တို့ကို တွေ့မြင်ခံစားနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ကိုးကွယ်မှုအကြောင်း၊ ကျောက်သင်ပုန်းဖြင့် မိုးထား သည့် ချင်းအိမ်များအကြောင်း၊ ဆင်စွယ်ဆင်ရိုး၊ ခရု၊ ကမာများကို မည်သို့ ရှာဖွေပုံများကို ၎င်းတို့၏ အသုံးအဆောင်ပစ္စည်းများနှင့်အတူ ရှင်းလင်းပြသခြင်းတို့ကိုလည်း ခံစားနိုင်မည် ဖြစ်ပါသည်။

ကလောမွန်ကျေးရွာ နှင့် စော်ဘွားနေ Thang Tin Lain နေအိမ်

ဇာဟောင်လူမျိုးစု ချင်းစော်ဘွားကြီး Thang Tin Lian နေအိမ်သည် ဖလမ်းမြို့မှ ရိဒ်ရေကန်သို့ သွားရာလမ်းပေါ်ရှိ ကလောမွန် (Tlau Hmun)ကျေးရွာတွင်တည်ရှိပါသည်။ ချင်းစော်ဘွားကြီးThang Tin Lian သည် (၁၈၉၅) ခုနှစ်တွင် မွေးဖွားပြီး (၁၉၄၇) ခုနှစ်မေလတွင် ကွယ်လွန်ခဲ့ပြီး၊ ရွာပေါင်း (၈၂) ရွာ၏ စော်ဘွားဖြစ်သည်။ စော်ဘွားကြီး Thang Tin Lian တွင် ဇနီးလေးဦးရှိပြီး သားသမီးစုစုပေါင်း (၂၅) ယောက်ရှိပါသည်။ စော်ဘွားကြီး Thang Tin Lian ၏ နေအိမ်သည် နှစ်ထပ်သစ်သားအိမ်ဖြစ်ပြီး အမြင့် ၂၆ပေ ၊ အရှည် ၆၆ ပေရှိပြီး အနောက်ဘက်တွင် ၆ပေကျယ်သော ဝရန်ဒါလည်းရှိသည်။ အခန်းဖွဲ့ပုံမှာ အပေါ်ထပ်တွင် ဧည့်တွေ့ခန်း ၊ အိပ်ခန်းနှစ်ခန်း၊ ဘိုးဘွားပိုင် ပစ္စည်းများ ၊ ရှေးဟောင်းပစ္စည်းများ ထားရှိရာ အခန်းနှင့်မြေညီထပ် စသည်ဖြင့်ဖွဲ့ထားသည်။ အသုံးပြုသော သစ်သားများမှာ Hual သစ်သားဖြစ်ပြီး ချင်းလူမျိုးတို့ အိမ်ဆောက်ရာတွင် Hual သစ်သားသည် အဓိကအသုံးပြုသော သစ်သားပင်ဖြစ်သည်။ စော်ဘွား၏ အုတ်ဂူအား အိမ်ရှေ့ရင်ပြင်တွင် မြင်တွေ့နိုင်မှာဖြစ်ပါသည်။ ထို့အပြင် ကလောမွန် ကျေးရွာ၏ မနီးမဝေးတွင် သဘာဝဆားအိုင်ရှိပြီး၊ ရှေးတုန်းက ထိုဆားအိုင်မှ ဆားကို ကြိုချက်ထုတ်လုပ်အသုံးပြုရန် ကလောမွန် ရွာသူရွာသားများသာမက အနီးနားရှိ ရွာသားများလည်း လာယူအသုံးပြုကြသည်။ ၎င်းဆားအိုင်အား သွားရောက်လေ့လာမည်ဆိုပါက စော်ဘွားကြီး Thang Tin Lian နေအိမ်မှ ခြေလျင်ဖြင့်(၄၅)မိနစ်ခန့် ၊ ကားဖြင့် (၁၀) မိနစ်ခန့်ကြာပါမည်။ ကလောမွန်ကျေးရွာတွင် စော်ဘွား Thang Tin Lian နေအိမ်လည်ပတ်ခြင်း ၊ သဘာဝဆားအိုင်လေ့လာခွင့်ရခြင်း ၊ ကျေးရွာလူနေမှုဓလေ့မြင်ရခြင်း ၊ အေးမြသောရာသီတု ခံစားရခြင်း စသည်ဖြင့် ထိတွေ့ခံစားနိုင်မည့်အပြင် ဖလမ်းလေဆိပ်မှ ရိဒ်ရေကန်သို့ သွားရောက်လည်ပတ်ရာတွင် တထောက်နားနေရာ ၊ အစားအစာများ မှာယူ သုံးဆောင်နိုင်ရာ နေရာတစ်ခု ဖြစ်ကြောင်း ခရီးသွားနေရာတစ်ခုအဖြစ် ဖော်ပြလိုက်ရပါသည်။